ဝမ္းပ်က္၊ ဝမ္းေလၽွာေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ နီးစပ္ရာက်န္းမာေရးဌာနမ်ားႏွင့္ ျပည္သူ႔ေဆး႐ုံမ်ားတြင္ ေစာစီးစြာ ကုသမႈခံယူရန္ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဝမ္းပ်က္၊ ဝမ္းေလၽွာေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ က်န္းမာေရးဝန္ႀကီးဌာနက သတိထားျပဳမူရမည့္ အခ်က္မ်ားကို အသိေပးထုတ္ျပန္လာသည္။
ျပင္းထန္ဝမ္းပ်က္၊ ဝမ္းေလၽွာေရာဂါသည္ ဗက္တီးရီးယားပိုး၊ ဗိုင္းရပ္စ္ပိုးႏွင့္ ကပ္ပါးပိုးမ်ား အစာအိမ္ႏွင့္ အူလမ္းေၾကာင္းအတြင္းသို႔ ဝင္ေရာက္ျခင္းေၾကာင့္ျဖစ္ပြားၿပီး အဆိုပါ ေရာဂါပိုးမ်ားသည္ ယင္နားစာစသည့္ မသန႔္ရွင္းသည့္ အစားအစာမ်ားႏွင့္ မသန႔္ရွင္းသည့္ ေရတို႔မွတဆင့္လည္းေကာင္း၊ လက္မသန႔္စင္ျခင္းစသည့္ တစ္ကိုယ္ေရသန႔္ရွင္းမႈ အားနည္းျခင္းေၾကာင့္လည္းေကာင္း၊ ယင္မလုံသည့္အိမ္သာႏွင့္ အိမ္သာကန္မ်ားမွတဆင့္လည္းေကာင္း ေရာဂါအဆင့္ဆင့္ ကူးစက္ျဖစ္ပြားျခင္းျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။
ျပင္းထန္ဝမ္းပ်က္ဝမ္းေလၽွာေရာဂါကို ကာကြယ္နိုင္ေရးအတြက္ ယင္နားစာစသည့္ မသန႔္ရွင္းသည့္ အစားအစာမ်ားကိုမသုံးစြဲျခင္း၊ FDA အသိအမွတ္ျပဳ ေသာက္ေရသန႔္ (သို႔မဟုတ္) ေရသန႔္စင္ေဆးျပားအသုံးျပဳ၍ သန႔္စင္ထားသည့္ေရ (သို႔မဟုတ္) ဆူပြက္ေအာင္က်ိဳခ်က္ထားသည့္ေရ စသည့္ သန႔္ရွင္းသည့္ ေရကိုသာ ေသာက္သုံးျခင္း၊ အစားအစာမ်ားကို မစားသုံးမီႏွင့္ အိမ္သာမွ အထြက္တြင္ လက္ကို ဆပ္ျပာႏွင့္ ေရအသုံးျပဳ၍ စနစ္တက် သန႔္စင္ေဆးေၾကာျခင္း၊ သန႔္ရွင္းသည့္ ယင္လုံအိမ္သာ (သို႔မဟုတ္) ယင္လုံသည့္မိလႅာကန္ကို အသုံးျပဳျခင္းႏွင့္ ယင္ေကာင္ေပါက္ဖြားမႈ နည္းပါးေစေရးအတြက္ စားႂကြင္း၊ စားက်န္မ်ားအပါအဝင္ အမွိုက္မ်ားကို စနစ္တက်စြန႔္ပစ္ရန္ လိုအပ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျပင္းထန္ ဝမ္းပ်က္၊ ဝမ္းေလၽွာေရာဂါလကၡဏာမ်ား ခံစားရပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားႏွင့္ ျပည္သူ႔ေဆး႐ုံမ်ားသို႔ သြားေရာက္၍ ေစာစီးစြာ ကုသမႈခံယူသင့္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ယခုလက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး၏ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ကာလဝမ္းေရာဂါပိုးေတြ႕သူ ငါးဦးရွိကာ အသက္ဆူံးရႈံးသူ မရွိေသးေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ယမန္ေန႔ ဇူလိုင္ (၆)ရက္က ေျပာၾကားထားသည္။
ယင္းေရာဂါစတင္ျဖစ္ပြားသည့္ ေနရာမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္၊ ႏြယ္ေအးရပ္ကြက္၊ သဲကြင္းက်ဴးေက်ာ္ေနရာတြင္ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ခဲ့ေၾကာင္း၊ ယင္းေၾကာင့္ သက္ဆိုင္ရာမွ ဇူလိုင္ (၃)ရက္‌တြင္ သြားေရာက္စစ္ေဆးရာဝမ္းပ်က္ဝမ္းေလၽွာေရာဂါလကၡဏာျဖစ္ပြားသူ (၁၂) ေယာက္ရွိခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း၏ ေျဖဆိုခ်က္အရ သိရသည္။
ထို႔ျပင္ ေရာဂါကို ေစာစီးစြာသိရွိၿပီး ကုသေပးနိုင္ရန္ ယင္းေနရာတြင္ ေဆာင္ရြက္လ်က္ရွိၿပီး လိုအပ္သည့္ လမ္းေဘးစားေသာက္ဆိုင္မ်ားကို ယာယီပိတ္ထားျခင္း၊ ေရႏွင့္ပတ္ဝန္းက်င္ သန႔္ရွင္းမႈလုပ္ငန္းမ်ား အားျဖည့္ေဆာင္ရြက္ျခင္းတို႔ကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

++++++++++++++++++++++

ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများတွင် စောစီးစွာ ကုသမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတိထားပြုမူရမည့် အချက်များကို အသိပေးထုတ်ပြန်လာသည်။
ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါ ရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများနှင့် မသန့်ရှင်းသည့် ရေတို့မှတဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့်အိမ်သာနှင့် အိမ်သာကန်များမှတဆင့်လည်းကောင်း ရောဂါအဆင့်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့်ရေ စသည့် သန့်ရှင်းသည့် ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကို မစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အချို့တွင် ကာလဝမ်းရောဂါပိုးတွေ့သူ ငါးဦးရှိကာ အသက်ဆူံးရှုံးသူ မရှိသေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့ ဇူလိုင် (၆)ရက်က ပြောကြားထားသည်။
ယင်းရောဂါစတင်ဖြစ်ပွားသည့် နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်နေရာတွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်ခဲ့ကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာမှ ဇူလိုင် (၃)ရက်‌တွင် သွားရောက်စစ်ဆေးရာဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ (၁၂) ယောက်ရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေဆိုချက်အရ သိရသည်။
ထို့ပြင် ရောဂါကို စောစီးစွာသိရှိပြီး ကုသပေးနိုင်ရန် ယင်းနေရာတွင် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။