ပါတီဝင်သစ်(၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့်ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတက်ရောက်
နိုဝင်ဘာ ၇၊ ကန်ကြီးထောင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ပါတီရုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၀၉:၃၀ အချိန်မှ နေ့လည် ၁၁:၄၅ အချိန်ထိ ကျင်းပပြုလုပ်သော ပါတီဝင်သစ် (၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြောကြားရာတွင် ” ပါတီဝင်သစ်များအား ဝမ်းမြောက်စွာကြိုဆိုပါကြောင်းနှင့် ပါတီ၏အလံတော်အောက်တွင် ခြင်္သေ့စိတ်ဓာတ် ထားရှိဆောင်ရွက်ကြရန်၊ ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ချမှတ်ထားသော ရက် (၉၀) စီမံချက်အပေါ် ဆောင်ရွက်ရမည့်ကိစ္စများ၊ တောင်သူလယ်သမား / အလုပ်သမား စသည့်ကဏ္ဍများပါဝင်သော ရပ်ဝန်း (၈)ခုအား ဆောင်ရွက်နိုင်ရေးကိစ္စများ၊ ပါတီ၏စည်းရုံးရေးလုပ်ငန်းများကို အသွင်သစ်ဆက်ဆံရေးဖြင့် ဆောင်ရွက်နိုင်ရေးကိစ္စများ ” အား အကျယ်တဝံ့ ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ကန်ကြီးထောင့်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်နိုင်ဦးက မြို့နယ်အတွင်း ဆောင်ရွက်နေသော ပါတီလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ပါတီဝင်သစ်များထဲမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့က ပါတီသို့ ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြခဲ့ကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီဥက္ကဋ္ဌ၏ မေးမြန်းတင်ပြချက်များအပေါ် တစ်ချက်ချင်းအား ပြန်လည်ဖြေကြားခဲ့ပြီး စည်းလုံးညီညွတ်စွာဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်အသစ်များ စုစုပေါင်း (၅၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။