ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် စီမံချက်အသစ် ၇၁ ခုအမေဇုန်ပြုလုပ်

အမေဇုန်သည် ၂၀၂၅ ခုနှစ်၌ ၎င်း၏လုပ်ငန်းခွင်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုနိုင်ရန် ကြိုးပမ်းနေသဖြင့် ၂ ဒသမ ၇ ဂစ်ဂါဝပ်ပမာဏရှိသည့် သန့်ရှင်းသောစွမ်းအင်ကို စီမံချက်အသစ်များတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

အမေဇုန်၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံချက်သည် အသစ် ၇၁ ခုထပ်တိုးပြီးနောက် စုစုပေါင်း ၃၇၉ ခု ရှိလာမည်ဖြစ်သည်။ စုစုပေါင်းပမာဏမှ သန့်ရှင်းသောစွမ်းအင် ၅၀,၀၀၀ ဂစ်ဂါဝပ်နာရီ ကိုထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး အဆိုပါပမာဏသည် နှစ်တစ်နှစ်စီအတွက် အမေရိကန်အိမ်ပေါင်း ၄ ဒသမ ၆ သန်းကို လျှပ်စစ်ဓာတ်အားပေးခြင်းနှင့်ညီမျှသည်ဟု ဖော်ပြထားသည်။

စီမံကိန်းအသစ်တွင် အိန္ဒိယနိုင်ငံရာဂျက်စတန်ပြည်နယ်၌ ဆောက်လုပ်မည့် ၄၂၀ မဂ္ဂဝပ်အားရှိ အကြီးစားစက်ရုံသုံးရုံ ပါဝင်ပြီး၊ ပြင်သစ်နှင့် ဩစတီးယားရှိ ဆိုလာ စီမံချက်များနှင့် ပိုလန်ရှိပထမဆုံး ဆိုလာခြံတို့ပါဝင်သည်။

အမေဇုန်ကျောထောက်နောက်ခံပြုထားသည့် Infinium ကုမ္ပဏီသည် အမေဇုန်၏ သယ်ယူပို့ဆောင်ရေး၌ အသုံးပြုသည့် ဒီဇယ်လောင်စာများနေရာ၌အစားထိုးမည့် ကာဗွန်နည်းသောအီလက်ထရောနစ်လောင်စာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့ကပြောကြားခဲ့သည်။

Source –Reuters/st