ဝန်ကြီးချုပ်ပရာယုကို တာဝန်မှ ယာယီအနားပေးရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး ဆုံးဖြတ်

ဝန်ကြီးချုပ် ပရာယုချန်အိုချာကို ဝန်ကြီးချုပ်တာဝန်များ ထမ်းဆောင်မှုမှ ယာယီအနားပေးထားရန် ထိုင်းနိုင်ငံ ဖွဲ့စည်း ပုံအခြေခံဥပဒေ တရားရုံးက ဩဂုတ် ၂၄ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပရာယုချန်အိုချာ၏ ဝန်ကြီးချုပ်ရာထူး သက်တမ်းရှစ်နှစ် ကန့်သတ်ချက်နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရေး အတွက် အတိုက်အခံ ပွေထိုင်းပါတီ၏ လျှောက်လဲချက်ကို လက်ခံကြားနာရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ပရာယုချန်အိုချာကို တာဝန်မှ ယာယီအနားပေးခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် တရားဝင် ဝန်ကြီးချုပ်ရာထူး သက်တမ်းရှစ်နှစ်တွင် စစ်အစိုးရ ခေါင်းဆောင် အဖြစ် ဝန်ကြီးချုပ် ပရာယုချန်အိုချာ တာဝန်ယူခဲ့သည့် အချိန်ကာလများကိုပါ ထည့်ပေါင်းသင့်ကြောင်း ပွေထိုင်းပါတီက လျှောက်လဲချက်တင်သွင်းထားသည်။

ပွေထိုင်းပါတီ၏ လျှောက်လဲချက်နှင့်အညီ စစ်အစိုးရခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သောအချိန်ကာလများကိုပါ ထည့်တွက်ပါက ပရာယုချန်အိုချာအနေဖြင့် ယခုလအတွင်း ရာထူးမှနုတ်ထွက်ပေးရမည်ဖြစ်သည်။

ပွေထိုင်းပါတီ၏ အထက်ပါလျှောက်လဲချက်နှင့်ပတ်သက်၍ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မည်သည့် အချိန်တွင် နောက်ဆုံးစီရင်ချက်ချမှတ်မည်ကို မသိရသေးပေ။

ပရာယုချန်အိုချာကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဝန်ကြီးချုပ်တာဝန်များမှ အနားပေးခဲ့ပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝန်က ယာယီဝန်ကြီးချုပ်တာဝန် ရယူဖွယ်ရှိကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

ထိုင်းကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုချန်အိုချာသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းပွဲဖြင့် ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချရာတွင် ဦးဆောင်ခဲ့သူဖြစ်သည်။

သို့ရာတွင် ထိုင်းစစ်ဘက်က ရေးဆွဲသည့်အခြေခံဥပဒေအရ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲပြီးဆုံးပြီးနောက် ၂၀၁၉ ခုနှစ်တွင် ပရာယုချန်အိုချာသည် အရပ်သားဝန်ကြီးချုပ်တစ်ဦးဖြစ်လာခဲ့သည်။ -Ref:Reuters