အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ယူရိုအဖွင့်ပွဲကို ပရိသတ် စံချိန်တင် ကြည့်ရှုအားပေးခဲ့

ယမန်နေ့က ဩစတြီးယားကိုအနိုင်ရခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ယူရို ၂၀၂၂ အဖွင့်ပွဲမှာ ပရိသတ်ဦးရေ စံချိန်တင်အများဆုံး လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်က မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ လက်ခံကျင်းပတဲ့အဆိုပါပွဲစဉ်မှာ အိမ်ရှင် အင်္ဂလန် အမျိုးသမီး အသင်းက ဩစတြီးယား အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲမှာ ကွင်းတွင်းလာရောက်အားပေးသူပရိသတ် ၆၈၈၇၁ ဦး အထိရှိခဲ့ပါတယ်။ ဒီပမာဏဟာ အမျိုးသမီး ယူရိုပြိုင်ပွဲသမိုင်းတလျှောက်မှာ ပရိသတ်ဝင်ရောက်မှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယခင်စံချိန်ဟောင်းကတော့ ၂၀၁၃ ခုနှစ်က နော်ဝေကိုအနိုင်ရတဲ့ ဂျာမနီအမျိုးသမီးအသင်းရဲ့ ယူရို ဗိုလ်လုပွဲဖြစ်ပြီး ပရိသတ် ၄၁၃၀၁ ဦး ကြည့်ရှုအားပေးခဲ့ပါတယ်။