MMA ကစားသမား ဖိုးသော် ထိုင်းနိုင်ငံတွင် နှစ်လခန့် လေ့ကျင့်မည်

မတ်လတွင် ယှဉ်ပြိုင်မည့် MMA (One Championship) ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံသို့ နှစ်လခန့် သွားရောက် လေ့ကျင့်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ဖိုးသော်က ပြောသည်။

၂၀၁၉ ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ သွားရောက်ကာ ပြိုင်ပွဲမတိုင်မီ ကာလအထိ တိုက်ဂါးမွေထိုင်း MMA သင်တန်း၌ နိုင်ငံတကာနည်းပြများနှင့် လေ့ကျင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီတစ်ခေါက်ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပိုပြီးတော့ ပြင်းပြင်းထန်ထန် လုပ်ထားတယ်။ ဂျူဒိုနဲ့ နပန်းပညာရပ် တွေကိုလည်း ပိုကောင်းအောင်လို့ တစ်ပတ်ကို ခြောက်ရက်နှုန်းလောက် လေ့ကျင့်နေတယ်။ ဒါပေမဲ့ နိုင်ငံ တကာက ကစားသမားတွေနဲ့ ယှဉ်ရင် အခုလေ့ကျင့်မှုက လုံလောက်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် ဒီထက်ပိုကောင်းအောင်လို့ တိုက်ဂါးမွေထိုင်းကလပ်မှာ သွားကျင့်ဖို့ စီစဉ်ထားပါတယ်’’ ဟု ဖိုးသော်က ပြောသည်။

ဖိုးသော်သည် ၂၀၁၉ မတ်လ ၈ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည့် (Reign of Valor) MMA (One Championship) ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော် ၎င်းနှင့် ထိုးသတ်ရမည့် ပြိုင်ဘက်ကိုမူ လက်ရှိအထိ မသိရသေးကြောင်း ၎င်းက ဆိုသည်။

‘‘ပြိုင်ဘက်က အခုထိ မသိရ သေးပါဘူး။ ပြိုင်ပွဲ မတိုင်ခင် တစ် လ၊ နှစ်လ အလိုလောက်မှ သိရမယ်ထင်ပါတယ်။ ဒါပေမဲ့ဘယ် ပြိုင်ဘက်နဲ့ပဲဖြစ်ဖြစ် အကောင်းဆုံး ထိုးသတ်နိုင်အောင်လို့ ကြိုးစားနေပါတယ်’’ ဟု ဖိုးသော်က ပြောသည်။

ဖိုးသော်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် MMA (One Championship) ဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲတွင် မလေးရှားဖိုက်တာ ကနူးဆူးဘားကို ပထမအချီတွင် ရှုံးနိမ့်ခဲ့သည်။ အသက် (၃၄) နှစ်အရွယ် ဖိုးသော်သည် MMA ပြိုင်ပွဲခုနစ်ပွဲ ယှဉ်ပြိုင်ထားပြီး ခြောက်ပွဲနိုင်ကာ တစ်ပွဲရှုံးနိမ့်ထားသည်။

7Days