မြန်မာလိဂ်အသင်းများ ယှဉ်ပြိုင်မည့် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုများထွက်ပေါ်

အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကျင်းပနေစဉ် (ဓာတ်ပုံ − MFF)

 မြန်မာလိဂ်ကလပ်အသင်းများ  ပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၉ အေအက်ဖ်စီဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ နိုဝင်ဘာ ၂၂ ရက်တွင် ထွက်ပေါ်ခဲ့သည်။ 

အုပ်စုခွဲဝေမှုအရ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု (စ)တွင် ရန်ကုန် (သို့မဟုတ်) ဇွဲကပင်အသင်းက ဗီယက်နမ် ကလပ် ဟနွိုင်းအသင်း၊ စင်ကာပူကလပ် တန်ပီးနက်စ်ရိုဗာအသင်း၊ ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ 

အုပ်စု (ဆ) တွင် ရှမ်းအသင်းက ဖိလစ်ပိုင်ကလပ် ဆီးရက်နီဂရို့စ်အသင်း (သို့မဟုတ်) ဒါဗာအို အဂီးလက်စ်အသင်း၊ ဗီယက်နမ်ကလပ် ဘီလေးမက်ခ်ဘင်ဂျူး အသင်း၊ အင်ဒိုနီးရှားလိဂ် ချန်ပီယံ (သို့မဟုတ်) တတိယရသည့် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ၂၀၁၈ မြန်မာလိဂ် ချန်ပီယံရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ပါက မြန်မာလိဂ်အမှတ်ပေး ဇယား တတိယရ ဇွဲကပင်အသင်းက ၂၀၁၉ အေအက်ဖ်စီဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ 

ရန်ကုန်အသင်းသည် ၂၀၁၉ဖေဖော်ဝါရီ ၅ ရက်တွင် ဖိလစ်ပိုင်ကလပ် ဆီးရက်နီဂရို့စ်အသင်းနှင့် အာရှချန်ပီယံ လိဂ် ခြေစစ်ပွဲပထမအဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု ပွဲစဉ်များကို ၂၀၁၉ ဖေဖော်ဝါရီ ၂၆ ရက်၌ စတင်ကျင်းပမည် ဖြစ်သည်။ 

အေအက်ဖ်စီဖလားအုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ် ပြီး အမှတ်အများဆုံး နှစ်သင်း အာရှဇုန်အကြိုဗိုလ်လုပွဲအဆင့် သို့ တက်ရောက်မည်ဖြစ်သည်။

7Days