ဂျူဗင်တပ်စ် လူငယ်အကယ်ဒမီနဲ့ ပူးပေါင်းနေပြီဖြစ်တဲ့ ရော်နယ်လ်ဒို ဂျူနီယာ

ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သားအကြီးဆုံးဟာ ဂျူဗင်တပ်စ် လူငယ်အကယ်ဒမီ ယူ-၉ အသင်းနဲ့အတူ လေ့ကျင့်မှု စတင်နေပြီဖြစ်တယ်လို့ အီတလီမှ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Ballon d’Or ကမ္ဘာ့အကောင်းဆုံး (၅)ဆုရှင် အသက် ၃၃ နှစ် ရော်နယ်လ်ဒိုဟာ ဒီနွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ အီတလီချန်ပီယံ ဂျူဗင်တပ်စ်အသင်းဆီ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဇွန်လ ၂၀၁၀ ခုနှစ်၊ ဇွန်လမှာ မွေးဖွားခဲ့တဲ့ သူ့ရဲ့ သားအကြီးဆုံး ခရစ္စတီယာနို ဂျူနီယာဟာ ဂျူဗင်တပ်စ်ရဲ့ ဗီနိုဗိုကွင်းမှာ တနင်္လာနေ့က လေ့ကျင်ခန်းဆင်းရင်း ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

တခြားဂျူဗင်တပ်စ် စီနီယာကစားသမားတွေရဲ့ ကလေးတွေလည်း လူငယ်အကယ်ဒမီအသင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုက သူ့ရဲ့သားဖြစ်သူကို သူ့လို အောင်မြင်တဲ့ ဘောလုံးသမားတစ်ဦးဖြစ်လာစေချင်တယ်လို့ ပြီးခဲ့တဲ့အပတ်က ဖွင့်ဟခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ သားအကြီးဆုံး ခရစ္စတီယာနို ဂျူနီယာဟာ အသက် (၈)နှစ်အရွယ်သာရှိသေးပေမယ့် ကလေးပွဲတွေမှာ ခြေစွမ်းခြေစ ပြသနေတဲ့အတွက် အဖေလိုဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

DAZN သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ရော်နယ်လ်ဒိုက “သူဟာ အရမ်းကို ပြိုင်ဆိုင်လိုစိတ်ရှိသူ တစ်ဦးပါ။ သူဟာ ကျနော်ငယ်ငယ်တုန်းက အတိုင်းပါပဲ။ သူဟာ ဘယ်တော့မှ အရှုံးမပေးချင်ပါဘူး။”လို့ ဖွင့်ဟခဲ့ပါတယ်။

“သူကျနော်လိုပဲ ဖြစ်လာလိမ့်မယ်ဆိုတာ ကျနော်အနေနဲ့ ၁၀၀ ရာနှုန်းပြည့် သေချာပါတယ်။ ကျနော် သူ့ကို အချို့အရာလေးတွေ သင်ပြပေးချင်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ သူဖြစ်ချင်တာ ဖြစ်ခွင့်ရှိပါတယ်။ သူ့ကို အမြဲတမ်း အထောက်အပံ့ပေးသွားမှာပါ။

“ကျနော် သူ့ကို ဘောလုံးသမားတစ်ယောက်ဖြစ်လာစေချင်တာတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ အဲဒီလိုဖြစ်လာဖို့ စိတ်အားထက်သန်မှုတွေ ရှိနေတယ်လို့ ကျနော်ထင်လို့ပါ၊”လို့ သူက ပြောပါတယ်။

Ref; AFP