အီရတ်နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် အမေရိကန်က ဆက်လက် တပ်စွဲထားမည်ဟု ဆို

အီရတ်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများ သိမ်းပိုက်ခဲ့ဖူးသော ဒေသများ၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကူညီရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များသည် ၄င်းနိုင်ငံအတွင်း ဆက်လက် တပ်စွဲထားမည် ဖြစ်ကြောင်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောသည်။

အီရတ် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုအတွက် အကူအညီများ လိုအပ်နေသေး သည်ဟု ယူဆသဖြင့် အမေရိကန် တပ်ဖွဲ့ဝင်များကို ဆက်လက် တပ်ဖြန့်ထားမည် ဖြစ်ကြောင်း၊ ယင်းအချက်မှာ အီရတ်နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ဝင် များ ဆက်လက် တည်ရှိ နေရသည့် အကြောင်းပြချက် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆင်းရိုင်းက အဘူဒါဘီမြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောသည်။

သို့သော် အီရတ်နိုင်ငံ အတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချသွားမည် ဖြစ်ကြောင်း၊ အီရတ် တပ်ဖွဲ့ဝင်များကို NATO အဖွဲ့ဝင် အခြားတပ်ဖွဲ့များက ဆက်လက် လေ့ကျင့်ပေးမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ လက်ရှိတွင် အီရတ်နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် ၅၂ဝဝ ခန့်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အီရတ်နိုင်ငံအတွင်း IS စစ်သွေးကြွ ချေမှုန်းရေးကို သုံးနှစ်ကြာ ပြုလုပ်ပြီးနောကf တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိစေရေး အတွက် အီရတ်အား ကူညီရန် အမေရိကန်က မဟာမိတ် တပ်ဖွဲ့များကို တောင်းဆိုလိုက်ပြီးနောက် အီရတ်တပ်ဖွဲ့ဝင် များအား လေ့ကျင့်ပေးရန် NATO အဖွဲ့မှ ကာကွယ်ရေးဝန်ကြီး များက သဘောတူ ခဲ့သည်။

Ref: CNA