နေကို အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ် NASA လွှတ်တင်

သြဂုတ် ၁၃

နေရဲ့ အင်မတန် ပူပြင်းလှတဲ့ ၀န်းကျင်နားအထိ သွားပြီး အနီးကပ် စူးစမ်းလေ့လာမယ့် အာကာသယာဉ်ကို အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ (NASA) က သြဂုတ် ၁၂ ရက်မှာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ NASA အတွက်ကတော့ သမိုင်းဝင် ခရီးစဉ်တစ်ခု ဖြစ်ပြီး ယခင် အာကာသယာဉ်တွေထက် ပိုပြီး နေရဲ့ အနီးဝန်းကျင်နားထိ ကပ်နိုင်မယ့် ယာဉ်ကို လွှတ်တင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

NASA အနေနဲ့ကတော့ ယခု ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျတဲ့ အာကာသယာဉ်ကို နေ ဆီ ဦးတည်လွှတ်တင်ပြီးတော့ နေမုန်တိုင်း (solar storms) တွေရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေကို ထုတ်ဖော်ပြီး ကမ္ဘာမြေကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

Parker Solar Probe အာကာသယာဉ်ကိုတော့ ခုနစ် နှစ်တာ မစ်ရှင်တစ်ခုအနေနဲ့ ဖလော်ရီဒါ ပြည်နယ် Cape Canaveral အငူကနေ ဒေသစံတော်ချိန် မနက် ၃ နာရီ ၃၁ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

လူ လိုက်ပါခြင်းမရှိတဲ့ ယခု ယာဉ်ကိုတော့ သမိုင်းတစ်လျှောက် အာကာသယာဉ်တွေထက် ပိုပြီး နေရဲ့ အနားထိ ပိုနီးနီးကပ်ကပ် ရောက်သွားအောင် ရည်ရွယ်လွှတ်တင်လိုက်ခြင်း ဖြစ်ပါတယ်။

ယင်း အာကာသယာဉ်ကတော့ နေ ရဲ့ ပူပြင်းခြစ်တောက်နေတဲ့ ၀န်းကျင်အနားထိ ကပ်သွားမှာ ဖြစ်တဲ့အတွက် မကြုံစဖူး မြင့်မားတဲ့ အပူချိန် လယ်ဗယ်တွေကို ခံနိုင်စွမ်း ရှိမယ့် စွမ်းအားမြင့် အပူ ဒိုင်းကာတစ်ခုကိုလည်း ကာကွယ်တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

-Ref; AFP