ဟေတီနိုင်ငံတွင် ဆန္ဒပြအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွား

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့တွင် ရေနံဆီဈေး မြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြမှုအတွင်း ထွက်ပြေးနေသူများကို တွေ့ရစဉ် (Dieu Nalio Chery/AP)

 လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှုနှင့်ပတ်သက်၍ အကြမ်းဖက်ဆန္ဒပြမှု ဒုတိယမြောက်နေ့ ဇူလိုင် ၇ ရက်တွင် ဟေတီနိုင်ငံခေါင်းဆောင်များက ပြည်သူများကို အေးအေးဆေးဆေးနေကြရန် ပန်ကြားသည်။

ဟေတီဝန်ကြီးချုပ် ဂျက်ခ် ဂေးလာဖွန်တန်က ဇူလိုင် ၇ ရက် မွန်းလွဲတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံဆီ် ဈေးနှုန်း တိုးမြှင့်မှုကို ယာယီဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။

လောင်စာဆီဈေးနှုန်း တိုးမြှင့်ကြောင်း ကြေညာပြီး နောက်တစ်ရက်တွင် ပြင်ဆင်ကြေညာခဲ့သည်။

သို့သော် အစိုးရ၏ ဆုံးဖြတ်ချက်က ဒေါသထွက်နေသော ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရပ်တန့်နိုင်ခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်သူအချို့က လမ်းများကို မီးရှို့ပိတ်ဆို့ပြီး အချို့က ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်ခဲ့သည်။

‘‘ဟေတီက သူနဲ့ သူ့မိသားစုအတွက် မဟုတ်ဘူးလို့ သမ္မတ ဂျိုဗီနယ်မွိုက်စ်ကို ပြောချင်ပါတယ်။ ဟေတီက ဟေတီပြည်သူ အားလုံးအတွက်ပါ မွိုက်စ်အနေနဲ့ ဒီတိုင်းပြည်က ထွက်သွားဖို့လိုပြီး ကျွန်တော်တို့ အသက်ရှင်သန် စေဖို့၊ ဒီတိုင်းပြည်ကိုထားခဲ့ဖို့ လိုပါတယ်’’ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

 အကြမ်းဖက်လုပ်ရပ်နှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုကို အစိုးရအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက် တစ်စောင်တွင် လာဖွန်တန်က ပြောသည်။

မငြိမ်သက်မှုကြောင့် အမေရိကန် လေကြောင်းကုမ္ပဏီသုံးခု က ဟေတီခရီးစဉ်များကို ဖျက်သိမ်းကြောင်း စနေနေ့က ကြေညာခဲ့သည်။

ဟေတီရောက် အမေရိကန် နိုင်ငံသားများအနေဖြင့် အပြင်မထွက်ဘဲ နေအိမ်၌ နေထိုင်ရန် ဟေတီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အကြံပြုထားသည်။

ဓာတ်ဆီကို ၃၈ ရာခိုင်နှုန်း၊ ဒီဇယ်ကို ၄၇ ရာခိုင်နှုန်း ဈေးနှုန်း တိုးမြှင့်ခြင်းအပါအဝင် လောင်စာ ဆီဈေးနှုန်းများကို တိုးမြှင့်ကြောင်းဇူလိုင် ၆ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ကြေညာခဲ့ရာမှတစ်ဆင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။    

—Ref: Reuters