လုံခြုံရေးကောင်စီ မြန်မာ့အရေး ဇူလိုင် ၂၃ တံခါးပိတ် ဆွေးနွေးမည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဇူလိုင်လအလှည့်ကျဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆွေးနွေးပွဲအစီအစဉ်မှာ မြန်မာအရေးထည့်သွင်းစဉ်းစားဖို့ အရေးကြီးတဲ့ အကြောင်း ပြောခဲ့ပြီး ဇူလိုင်၂၃ ရက်နေ့မှာ တံခါးပိတ်ဆွေးနွေးပွဲတရပ်ကျင်းပဖို့ စီစဉ်ထားကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။ ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာဒုက္ခသည် အရေးအဖြေရှာနိုင်ဖို့ မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးဖို့ လိုမယ်လို့ ပြောခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းကတင်ပြပေးမှာပါ။

ဇူလိုင်လအတွက် လုံခြုံရေးကောင်စီရဲ့အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူရတဲ့ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံ အမတ်ကြီးOlof Skoog က လုံခြုံရေးကောင်စီရဲ့ဒီလ အစည်းအဝေးပွဲအစီအစဉ်မှာ မြန်မာအရေးကို ဇူလိုင်၂၃ ရက်နေ့မှာတံခါးပိတ် အစည်းအဝေးပွဲကျင်းပဖို့ စီစဉ်ထားကြောင်း တနင်္လာနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အားလုံးသိတဲ့အတိုင်းပါပဲမြန်မာနိုင်ငံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မကြာခင်တုန်းက သွားရောက် ခဲ့ပါတယ်။ မြန်မာအရေးကို လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာ ဆက်ပြီးတော့ ထည့်သွင်းသွားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဇူလိုင်၂၃ ရက်နေ့မှာကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီမှာ ပထမဆုံး လာပြီးတော့ အစီရင်ခံဖို့ ရှိပါတယ်။ သူကမြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးပါပြီ။”

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ မြန်မာအရေးနဲ့ ပတ်သက်လို့ တံခါးပိတ် စည်းဝေးရာမှာ အစီရင်ခံတင်ပြ သူတွေအနေနဲ့ မြန်မာနိုင်ငံကို ဇွန်လ ၁၂ ရက်နေ့ နဲ့ ၂၁ ရက်နေ့က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener အပြင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi လည်းပါဝင်မှာဖြစ်ပါတယ်။

Mr. Grandi ဟာ မကြာသေးမီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းကို ၂ ရက်ကြာသွားရောက်စဉ် လိုက်ပါသွားသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို မြန်မာစစ်တပ်က တုံ့ပြန်ခဲ့တဲ့ နယ်မြေရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံခဲ့ရတာဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် ပဋိပက္ခဟာ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုလို့ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က သုံးသပ်ခဲ့ တာဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ဧပြီလ ၂၈ ရက်ကနေ မေလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို သွားရောက်ခဲ့ပြီး ခရီးစဉ်အပြန် မေလ ၉ရက်နေ့မှာ ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီကြေညာချက်မှာ UNHCR ၊ UNDP နဲ့ မြန်မာအစိုးရအကြား ရိုဟင်ဂျာ ဒုက္ခသည်တွေနေရပ်ရင်း သိက္ခာရှိရှိပြန်နိုင်ရေးအတွက် MOU စာချွန်လွှာထိုးဖို့ တိုက်တွန်းခဲ့သလို အကြမ်းဖက် ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက်သွားမယ့် အချက် တွေကို အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူရတဲ့ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံ အမတ်ကြီးက အခုလိုပြောခဲ့ပါတယ်။ “မြန်မာအရေး လုံခြုံရေးကောင်စီမှာ ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကောင်စီအဖွဲ့ဝင် တွေကြားမှာ မျှဝခံစားတာက အဖွဲ့ဝင် တွေမြန်မာနိုင်ငံကို ရောက်ခဲ့အပြီး ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပိုကောင်း လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ မြန်မာနိုင်ငံကို သူတို့ဆန္ဒ အလောက် ပြန်နိုင်လိမ့်မယ် ၊ အခြေအနေတွေဟာလည်း သူတို့ စိတ်ချရလောက်တဲ့ အခြေအနေတွေ ဖြစ်ဖို့ လိုလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့က ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအရ ရိုဟင်ဂျာတွေဘက်က စိတ်မချနိုင်တာတွေကို ကျနော်တို့က နားလည်ပါတယ်။ နောက်ခြေလှမ်းတခုကတော့ မြန်မာဘက်က နားလည်ထားဖို့က အဆောက်အဦးတွေ ဆောက်ပေးရုံသာမက ယုံကြည်စိတ်ချရအောင်လည်း အခြေအနေတွေ ဖန်တီးဖို့လိုပါတယ်။ ဒီအတောအတွင်းမှာ ဘင်္ဂလားဒေ့ရှ်မှာရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို ကူညီဖို့ လိုပါတယ်။”

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်အပြန် ဇွန်လ ၁ ရက်နေ့က ထိုစဉ် ကောင်စီဥက္ကဋ္ဌကကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ထံ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရက် ၃၀ အတွင်း တုံ့ပြန်ဖို့ စာတွေပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီစာ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်ကို မေးခဲ့ပါတယ်။

“ဧပြီလကုန်က လုံခြုံရေးကောင်စီအဖွဲ့က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်ကို မြန်မာနိုင်ငံကိုဧပြီ ၃၀ နဲ့ မေ ၁ ရက်သွားခဲ့တာကို ၊ အဲဒါသွားပြီးတော့ Follow up အနေနဲ့ လုံခြုံရေးကောင်စီက ကျနော်ဆီ ကနေတဆင့် နိုင်ငံတော်အစိုးရကို သူတို့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ Follow up သဘောမျိုးစာ ရေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သိချင်တဲ့အချက်တွေ ကျနော်တို့ကို မေးတာပေါ့ တိုးတက်ဖြစ်ပေါ်မှုတွေဘာတွေရှိလဲ သူတို့ခရီးစဉ်နောက်ပိုင်း။ ကျနော်ကတော့ စာပြန်ပြီးပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ လုံခြုံရေးကောင်စီထဲမှာ ကျနော်တို့တင်မဟုတ်ပါဘူး ဘင်္ဂလားဒေ့ရှ်ကိုလည်း စာရေးတယ်လေ ၊ သူတို့ဘက်ကလည်း စာပြန်တယ်။ ကျနော်လည်း ပြန်ထားတယ်။ အဲဒီလိုပြန်ထားတဲ့စာတွေကို သူတို့က ၂၃ ရက်နေ့မှာ ကျင်းပမဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ထိုင်ပြီးတော့ ဆွေးနွေးမှာပါ။ ကျနော်တို့ပြန်တဲ့ စာကို ဒါပါပဲခင်ဗျ။

မေး။ ။ အဲဒီစာမှာ ကျမတို့ ဖတ်လိုက်ရတာက နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်ခံဖို့ တိုက်တွန်းထား တာလည်းတွေ့လိုက်ရတယ် အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောပြပါ။

ဖြေ။ ။ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကတော့ အများပြောနေကြတာတွေပါ ၊ ကျနော်တို့က ကြေညာချက် လည်းထုတ်ပြီးသားပါ။ နိုင်ငံတော်အစိုးရအနေနဲ့ ကျနော်တို့ဒီ ARSA ရဲ့ တိုက်ခိုက် မှုပေါ့နော် အကြမ်းဖက်အဖွဲ့က တိုက်ခိုက်တဲ့ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က စုံစမ်းစစ်ဆေးရေးကို ကျနော်တို့ဟာ ကျနော်တို့လုပ်မယ်အဖွဲ့ဖွဲ့ပြီးတော့ ၊ အဲဒီမှာလည်း ပြည်ပက တယောက် ပါမယ် ဒါကလည်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့။ ဒီနေရာမှာတော့ ပါမှာပေါ့ဗျာ စွပ်စွဲချက်တွေရှိတဲ့ဟာတွေ ၊ အထောက်အထားတွေ ရနိုင်မယ့်ဟာတွေ ကျနော်တို့က စုံစမ်းစစ်ဆေးရေးဖော်ထုတ်ဖို့အတွက် အဖွဲ့ဖွဲ့ဖို့လည်း ကြေညာပြီးသားပါ။ ဒီအတိုင်းပဲ သွားမှာပါ ကျနော်တို့ကတော့။”

ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းခဲ့သလို ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ရင်းပြန်ရေးအတွက် UNHCR ၊ UNDP နဲ့ မြန်မာအစိုးရ က ဇွန်လ ၆ ရက်နေ့က MOU စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သလို မြန်မာနိုင်ငံမှာလည်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ဖွင့်ဖို့ သဘောတူခဲ့ပါတယ်။ အခုလိုတိုးတက်မှုတွေရရှိ ပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ဆက်ပြီး ဖိအားပေးသွားမှာဖြစ်တယ်လို့ အလှည့်ကျ ဥက္ကဋ္ဌ Skoog ကပြောပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုတွေရခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒီလိုဆွေးနွေးမှုတွေကို အစောကြီးကတည်းက လုပ်ခဲ့ရင်ကောင်း လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ဆက်ပြီး ဖိအားပေးသွားမှာ ဖြစ်တယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်းပြန်နိုင်ကြပြီးတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုအားလုံးလည်း ဂုဏ်သိက္ခာရှိရှိနေနိုင်ကြဖို့ဖြစ်ပါတယ်။ ကောင်စီအနေနဲ့ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာ့ အရေးကို ကိုင်တွယ်ဖြေရှင်းမှာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်အသစ်ကို ခန့်အပ် နိုင်တာက အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ သူအစီရင်ခံတာကို နားထောင်ကြရမှာပါ။ တခြား အရေးပေါ်ညီလာခံတွေခေါ်ဖို့မလိုတဲ့အခြေမျိုးရောက်ပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ် ဒါက အရေးကြီး ပါတယ်။”

လုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ခိုင်မာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး လူ့အခွင့်အရေးမဟာမင်းကြီးရုံးနဲ့လည်း ပွင့်ပွင့် လင်းလင်းပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးကောင်စီက ဇူလိုင်လအစီအစဉ် ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပြီး ထိထိရောက်ရောက်အရေးယူမှုတွေရှိခဲ့ရင် ကောင်စီအနေနဲ့ ICC ခေါ် နိုင်ငံတကာပြစ်မှုခုံရုံး ဒါမှမဟုတ် ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှု ချမှတ်မှုတွေအပါအ၀င် ပိုမိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအပေါ် ချမှတ်ဖို့ စဉ်းစားနိုင်တဲ့အခြေအနေတွေရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)