လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းပါဝင်မှုမြှင့်တင်မည်

လူကုန်ကူးမှု တိုက်ဖျက် နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ (IATA)က ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့ပြီး လေယာဉ် အမှုထမ်းများအနေဖြင့် သံသယရှိဖွယ် အမှုအခင်းများ ကြုံလာပါက မည်သို့လှုပ်ရှားဆောင်ရွက်ရ မည်ဖြစ်ကြောင်း လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့သည်။

 လူမှောင်ခိုကူးခြင်းသည် ကမ္ဘာ့ရာဇဝတ်မှု လောကတွင် အလျင်အမြန်မြင့်တက်လာနေပြီး မူးယစ်ဆေးဝါး ကုန်သွယ်ရေးပြီးလျှင် ဒုတိယအများဆုံး ရာဇဝတ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 ‘‘တစ်သီးပုဂ္ဂလ လေ ကြောင်းလိုင်းအများစုက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ လူကုန်ကူးမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေ လုပ်နေပါပြီ’’ဟု IATA အဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး တင်မ်ကိုလီဟန်က ဆစ်ဒနီမြို့တွင် ကျင်းပသော IATA အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး၌ သတင်းထောက်များအား ပြောကြားသည်။

လူကုန်ကူးမှုဖြစ်စဉ်၏ ၆၀ ရာခိုင်နှုန်းခန့်တွင် နိုင်ငံတကာ နယ်စပ်ဖြတ်ကျော်မှုများ ပါဝင်ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောကြားသည်။

IATA အဖွဲ့က ထုတ်ပြန်သော လမ်းညွှန်ချက်သစ်များတွင် သံသယရှိသူကို မည်သို့အကဲဖြတ်ရန်နှင့် လေယာဉ်ဆင်းသက်ပြီးနောက် လူကုန်ကူးခံရသည့် သားကောင်များကို မည်သို့ထိန်းသိမ်း ကာကွယ်ရမည် ဟူသော အချက်များ ပါဝင်သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး IATA အဖွဲ့၏ လှုပ်ရှားမှုတွင် လေကြောင်းလိုင်းများအပြင် လေဆိပ်များ၊ နယ်စပ်နှင့် အကောက်ခွန်ကဲ့သို့ အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့က လူပေါင်း ၂၅ သန်းခန့်သည် ခေတ်သစ်ကျွန်စနစ်၏ သားကောင်များ ဖြစ်နေကြောင်း ပြောခဲ့သည်။

အဆိုပါ လမ်းညွှန်ချက်တွင် ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ ကလေးစစ်သားများ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထုတ်ယူခံရခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်းနှင့် ထိမ်းမြားလက်ထပ်ပေးခြင်း၊ ကြွေးမြီကြောင့် ချုပ်ကိုင်ခံရခြင်း စသည့် လူကုန်ကူးပုံစံအမျိုးအစားများ ဖော်ပြထားသည်။

—Ref: AFP