အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ်

လီဗာပူးလ်အသင်းရဲ့ ဂိုးသမား လောရစ်ကာရီးယပ်စ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲက သူ့ရဲ့ အမှားတွေကြောင့် လီဗာပူးလ်အသင်း အရေးနိမ့်အပြီးမှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အွန်လိုင်းကတဆင့် ခြိမ်းခြောက်တဲ့ စာများပေးပို့ခဲ့တာဖြစ်ပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့ရဲ့ အကူအညီ ကိုလည်း ယူနေရတယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် ဂိုးသမား နဲ့ သူ့ရဲ့မိသားစုဟာ ရီးရဲလ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့အပြီးမှာ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ မာဆေးဆိုက်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါတယ်။ “ဆိုရှယ်မီဒီယာတွေမှာ တစ်ဖက်စွန်းရောက်လွန်းတဲ့ အရေးအသားတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်၊ ဒီအတွက်လည်း ဆက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်” လို့ အဆိုပါ တာဝန်ရှိသူက ပြောသွားခဲ့ပါတယ်။

ဂျာမနီဂိုးသမား ကာရီးယပ်စ်ဟာ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ အလွယ်တကူ ဂိုးသွင်းခွင့်ရအောင် အံ့အားသင့်စရာ အမှားကို ကျူးလွန် ခဲ့ပြီးတော့ ဂါရတ်ဘေးလ်ရဲ့ ဧရိယာအပြင်ဘက်မှ အပြင်းကန်သွင်းမှုကိုလည်း ကာကွယ်ရာမှာ မသေသပ်ခဲ့ပဲ ဂိုးအဖြစ် ခွင့်ပြုခဲ့ရပါတယ်။ သူ့ရဲ့အမှားတွေအတွက် ကာရီးယပ်စ်က ပွဲအပြီးမှာ မျက်ရည်တွေကျပြီး ပရိသတ်တွေကို လိုက်လံတောင်းပန်နေခဲ့ပါတယ်။

” အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ အသင်းရဲ့ဝန်ထမ်းတွေအားလုံးကို ကျွန်တော်အနူးအညွှတ်တောင်းပန်ပါတယ်” လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသားပြီးတော့လည်း တောင်းပန်ခဲ့ ပါသေးတယ်။ လက်ရှိအချိန်မှာတော့ မာဆေးဆိုက်ရဲတပ်ဖွဲ့ဟာ ကာရီးယပ်စ်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေမှုကို စုံစမ်းဖော်ထုတ်နေပြီ ဖြစ်ပါတယ်။

ကာရီးယပ်စ်ရဲ့ အမှားအယွင်းအတွက်လည်း ပရိသတ်များက သူ့ရဲ့ တောင်းပန်မှုကို နားလည်လက်ခံပေးခဲ့ကြပြီး အသင်းဖော်ဂိုးသမား မစ်ဂ်နိုလတ်ကလည်း ကာရီးယပ်စ်ဘက်ကနေ ကာကွယ် ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။

Source : BBC