ခြစားမှု စွဲချက်နှင့် ရင်ဆိုင်နေရသည့် ပီရူးသမ္မတ ရာထူးကနေ နှုတ်ထွက်
ပီရူးသမ္မတ ပက်ဒရို ပက်ဘလို ကူခ်ျဇင်စကီးက ၎င်း ရာထူးကနေ နှုတ်ထွက်ပြီဖြစ်ကြောင်း မတ်လ ၂၁ ရက် နိုင်ငံတော်မိန့်ခွန်းပြောကြားစဉ် ကြေညာသွားခဲ့သည်။
ပီရူးသမ္မတ ကူခ်ျဇင်စကီးအနေဖြင့် ၎င်းအား လာဘ်ပေးလာဘ်ယူမှုဖြင့် စွပ်စွဲပြစ်တင်ရေး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုမတိုင်ခင် တစ်ရက်အလိုမှာပင် ယခုကဲ့သို့ ၎င်း၏ နှုတ်ထွက်စာကို တင်သွားခဲ့ခြင်း ဖြစ်သည်။
အသက် ၇၉ နှစ်ရှိ ကူခ်ျဇင်စကီးမှာ ပြီးခဲ့သည့် ကာလများက ဘရာဇီးဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီကြီး Odebrecht ထံမှ လာဘ်ယူမှုများ ရှိထားခဲ့ကြောင်း စွပ်စွဲခံထားရပြီးနောက် အပြင်းအထန် ဝေဖန်ခံနေရသူလည်း ဖြစ်သည်။
အဆိုပါ လာဘ်ပေးလာဘ်ယူမှု စွဲချက်များနှင့်ပတ်သက်၍ ၎င်းက တွင်တွင်ငြင်းဆန်ထားခဲ့ပြီး ယခု ၎င်းနှုတ်ထွက်မှုမှာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်စေမည့် ကိစ္စကို လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသွားသည်။
ဘရာဇီးကုမ္ပဏီ Odebrecht က အစိုးရလုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်များ ရယူချုပ်ဆိုနိုင်ရန်အတွက် လက်တင်အမေရိက နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ သန်းနှင့်ချီသည့် တံစိုးလက်ဆောင်များ ပေးထားခဲ့သည်ဆိုပြီး ထုတ်ဖော်ဝန်ခံခဲ့သည့် အရှုပ်တော်ပုံပေါ်ထွက်ပြီးနောက် ယခု ကူခ်ျဇင်စကီးမှာ ရာထူးကနေ နှုတ်ထွက်လိုက်ရသည့် ပထမဆုံးသော သမ္မတလည်း ဖြစ်လာခဲ့သည်။
(Mizzima)