ပြာသာဒ်ကြီးဘုရားမှ ပြန်လည်မွမ်းမံဆေးသုတ်သော ဆင်းတုတော်များသည် ရှေးဟောင်းလက်ရာ မဟုတ်ကြောင်း တာဝန်ရှိသူပြော

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ပြာသာဒ်ကြီးဘုရားမှ ပြန်လည်မွမ်းမံပြင်ဆင်သော ဆင်းတုတော်သည် ရှေးဟောင်းလက်ရာမဟုတ်ဘဲ အသစ်ပြန်လည်တည်ထားသည့် ဆင်းတုတော်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင် များက ကြီးကြပ်ကာ ရောင်တော်ဖွင့်သည့်အနေဖြင့် ရေဆေးပြန်သုတ်ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ကြား ရေးမှူး ဦးအာကာကျော်ကပြောသည်။

‘‘ပြာသာဒ်ကြီးကလည်း သူ့မှာ သမိုင်းရှိတယ်။ ၁၉၇၅ လောက်က မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေမှာဆိုရင် ဆင်းတုတော်တောင်မရှိတဲ့ အနေအထားတွေရှိတယ်။ အသစ်ပြန်ပြီးတော့ ပုံစံတူပြန်တည်ထားတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ နေရာအလွတ်တွေမှာ ရုပ်ပွားတော်တွေကို ပြန်တည်ထားတာဖြစ်ပါတယ်’’ ဟု ဦးအာကာကျော်က ပြောသည်။

ပြာသာဒ်ကြီးဘုရားသည် ၂၀၀၀ ပြည့်နှစ်ခန့်တွင် စင်ကာပူနိုင်ငံ ရွှေကျောင်းဆရာတော်က ပြန်လည် အသစ် တည်ဆောက် ပြုပြင်ထားသော ဘုရားတစ်ဆူ ဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် များ အနည်းငယ်သာရှိသော စေတီပုထိုးဖြစ်သောကြောင့် ဆင်းတုတော်ကို ယခုကဲ့သို့ ဆေးသုတ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာ ရင်း (ယူနက်စကို) ဝင်ရောက်ရေး မထိခိုက်နိုင်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဌာန အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက 7Day Daily သတင်းစာအား ပြောကြားသည်။

‘‘အခု ပြာသာဒ်ကြီးက ပုဂံ ခေတ်လက်ရာမဟုတ်ဘူး။ အသစ်ပြန်ပြင်ထားတာပေါ့။ ဖူးစုံအနေနဲ့ က ပြန်ပြင်ချင် တယ်ဆိုရင် ပြင်လို့ရတာအမှန်ပဲ။ ဒါကိုမှထပ်ပြီးမှ  အသေးစိတ်ဝေဖန်ပါဆိုရင် ရှေးဟောင်း အမွေအနှစ် တွေများတဲ့ နေရာမှာမို့ ရှေးဟောင်းနဲ့ လိုက်ဖက်အောင် သူပြင်ထားတဲ့ ဆင်းတုတော်က ဒီထက်ပိုပြီးတော့ ရှေး ဟောင်းနဲ့ပိုတူသွားအောင် အရောင်ကို မှိန်လိုက်ရင် ပိုအဆင် ပြေသွားမှာပေါ့နော်။ အခုက အ ရမ်းကြီးကို အသစ်ပုံစံမျိုး တောက်ပသွားတာပေါ့။ ကျန်တာတော့ ပြောစရာမရှိပါဘူး’’ဟု ဒေါ်ဥမ္မာ မျိုးက ပြောသည်။

ပြာသာဒ်ကြီးဘုရားရှိ ဆင်းတုတော်ကို ဆေးအသစ်သုတ်ရန် ရှေးဟောင်းသုတေသနဦးစီးဌာန က တရားဝင် ခွင့်ပြုခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် ဖူးစုံသည် ၎င်း၏လူမှုကွန်ရက်စာ မျက်နှာ၌ မိသားစုအလှူအဖြစ် ပြာသာဒ်ကြီးဘုရားရှိ ဆင်းတု တော်များကို ရောင်တော်ဖွင့်ဆေး သုတ်လှူဒါန်းသည့် အကြောင်း နိုဝင်ဘာ ၁၉ ရက် ညကတင်ခဲ့ရာ ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်ပျက်စီးအောင်ပြုလုပ်သည် ဟုဆိုကာ ဝေဖန်မှုများ ထွက်ပေါ်လာသည်။

‘‘ဆင်းတုတော်ကြီးကတော့ ကျွန်တော်တို့ သိသလောက် အသစ်ကြီးပါ။ ၁၉၉၈ ဝန်းကျင် လောက်က ပြန်လုပ် ထားတာပါ။ တကယ့် ရှေးဟောင်းစစ်စစ်ဘုရား ဆိုရင်တော့ ဒါကမလုပ်သင့်ဘူး။ ဒါက နောက်မှ ပြန်လည်မွမ်းမံ ထားတဲ့ ဘုရားကို ပြန်ပြီးတော့ ဆေးသုတ်တာတို့၊ ဘာတို့လုပ်တဲ့ သဘောပေါ့။ အများပြောလောက်အောင် ရှေးဟောင်းအမွေအနှစ် ထိခိုက်တာမျိုးတော့ မရှိပါဘူး။ ဒီတိုင်းထားနိုင်ရင်တော့ အကောင်းဆုံးပေါ့’’ဟု ပုဂံရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးညွန့်အောင်က ဆို သည်။

‘‘ပြာသာဒ်ကြီးဘုရားမှာရှိတဲ့ ဆင်းတုတော်လေးဆူကို ရောင်တော်ဖွင့်ဖို့အတွက် ဖူးစုံက ဆေး သုတ်ချင်တယ် ဆိုပြီး တင်ပြလို့ သတ်မှတ်ချက်နဲ့အညီ ခွင့်ပြုပေး ထားတာပါ။ ရှေးဟောင်းအမွေ အနှစ်လည်း မရှိသလို ဘာမှ ထိခိုက်ပျက်စီးမှုလည်း မရှိပါဘူး’’ဟု ပုဂံရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင် ကျော်ကျော်က ပြောသည်။

ပြာသာဒ်ကြီးဘုရားသည် ပြီးခဲ့သည့်နှစ်က ပုဂံငလျင်ဒဏ်ခံစားခဲ့ရသော ဘုရားတစ်ဆူဖြစ်ပြီး ထုထည်ကြီးမား ကာ ပျက်စီးမှုများ သောကြောင့် နိုင်ငံတော်အဆင့် အရေးကြီးပြုပြင်ထိန်းသိမ်းရမည့် စေတီ ၁၄ ဆူတွင် ပါဝင်ပြီး လက်ရှိ၌ ဆောက်လုပ်ရေးအထူးအဖွဲ့(၇)က ပြုပြင်ထိန်းသိမ်းဆောင် ရွက်နေကြောင်း ၎င်းကပြော သည်။ ‘‘ပြာသာဒ်ကြီးက နေဝင်ချိန် ကြည့်လို့ကောင်းတဲ့ ဘုရားဖြစ်တယ်။ အခုအချိန်မှာ ဘုရားပေါ် တက်ခွင့် ပိတ်ထားတဲ့အချိန်မှာ ဒီလိုဖြစ်တော့ သက်သက်ဝေဖန်မှုတွေ လုပ်လာတာလို့ပဲ မြင်တယ်။ ဒါကဘာမှ ထိခိုက်မှု မရှိ ဘူး’’ဟု ဦးအောင်ကျော်ကျော်က ပြောသည်။

ပုဂံငလျင်ကြောင့် စေတီပု ထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ အသေးစား ထိခိုက်ပျက်စီးသော ၂၂၄ ဆူကို ပြင်ပအလှူရှင်များက ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းကပြောသည်။