အမေရိကန် လက်နက်များဖြင့် မြောက်ကိုရီးယား ဒုံးကျည်များကို ဂျပန် ပစ်ချနိုင်စွမ်းရှိဟု ထရမ့်ပြောကြား

အမေရိကန်ထံမှ ဝယ်ယူထားသည့် စစ်လက်နက်များ၏ အစွမ်းကြောင့် မြောက်ကိုရီးယား ဒုံးကျည်များကို ဂျပန်က ကြားဖြတ် ပစ်ချနိုင်စွမ်း ရှိလိမ့်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

အရှေ့အာရှ ခရီးစဉ်၏ အဖွင့်အနေဖြင့် ဂျပန်သို့ ရောက်ရှိနေစဉ် ထရမ့်က ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကလည်း အကယ်၍ လိုအပ်လာလျှင် ဂျပန်သည် မြောက်ကိုရီးယား ဒုံးကျည်များကို ကောင်းကင်ယံတွင် ကြားဖြတ် ပစ်ချနိုင်စွမ်း ရှိနေကြောင်း ဆိုသည်။ ထို့အပြင် ဂျပန်နှင့် အမေရိကန်တို့သည် ဒုံးကျည် ကာကွယ်ရေး နည်းပညာ အရောင်းအဝယ် သဘောတူညီမှုများအတွက် ဆက်လက် ဆွေးနွေး ညှိနှိုင်းသွားမည်ဟုလည်း အာဘေးက အတည်ပြုခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ဂျပန်ပိုင်နက် ဝေဟင်ကို ဖြတ်ကျော်ကာ တိုက်ချင်းပစ်ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့ဖူးသည်။

နိုဝင်ဘာ ၆ ရက်တွင် သတင်းထောက်များနှင့် အမေးအဖြေ ပြုလုပ်ရာ၌ ထရမ့်က အာဘေးသည် အမေရိကန် စစ်လက်နက် အများအပြားကို မှာယူထားကြောင်း၊ ယင်းဝယ်ယူမှုသည် အလုံးစုံ မပြီးပြတ်သေးသော်လည်း အားလုံး စုံစုံလင်လင် ဖြစ်လာချိန်၌ မြောက်ကိုရီးယား ဒုံးကျည်များကို ဂျပန်က ပိုင်ပိုင်နိုင်နိုင် ဟန့်တားနိုင်စွမ်း ရှိလာမည်ဟု ထရမ့်က ပြောကြားခဲ့သည်။

အာဘေးက ယခုလို သဘောတူညီမှုမျိုးကို စဉ်းစားခဲ့ရခြင်းသည် မြောက်ကိုရီးယား၏ ကြမ်းတမ်းသော စိန်ခေါ်မှုများကြောင့် ဂျပန်၏ ကာကွယ်ရေး စွမ်းရည်ကို အရေအတွက် အရရော၊ အရည်အသွေးအရပါ မြှင့်တင်ရန် လိုအပ်လာပြီဟု ယူဆသောကြောင့်ဟု မှတ်ချက်ပေးခဲ့သည်။

ထို့အပြင် ဒုံးကျည်ကာကွယ်ရေး ကဏ္ဍသည် အမေရိကန်နှင့် ဂျပန်တို့ကြား တရားဝင် ညှိနှိုင်းထားသည့် ပူးပေါင်း ဆောင်ရွက်မှုများအပေါ် ဆက်လက် အခြေခံမည်ဟု အာဘေးက အတည်ပြုခဲ့ပြီး ဂျပန်သည် လိုအပ်လာသည့် အခြေအနေတွင် မြောက်ကိုရီးယား ဒုံးကျည်များကို ပစ်ချမည်ဟုလည်း ပြောဆိုသွားသည်။

ဂျပန်သည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း သတ်မှတ်ခဲ့သည့် ပစိဖိတ် ဖွဲ့စည်းပုံ သဘောတူညီမှုအရ အမြဲတမ်း စစ်တပ် မရှိဘဲ ပြည်စောင့်တပ်သာ ဖွဲ့စည်းထားရသည်။ သို့သော် အာဘေးသည် အဆိုပါ အခြေအနေကို ပြောင်းလဲရန် လက်တွေ့ကျကျ ကြိုးစားလျက် ရှိသည်။

 

Ref: BBC