NCA ၂ နှစ်ပြည့် အခမ်းအနားသို့ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို ဖိတ်ကြားမည်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ကို ဖိတ်ကြားရန်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပအိုဝ်း အဖွဲ့ (PNLO)ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA ၂ နှစ်ပြည့် အခမ်းအနားကျင်းပရေးနှင့်ပတ် သက်၍ NCA လက်မှတ်ထိုးရှစ်ဖွဲ့ မှ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်၌ အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းခဲ့ သည်။

ထိုသို့ ဆွေးနွေးရာတွင် အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း ၎င်းကပြောသည်။ နှစ်ပတ်လည်ကို အကြောင်းပြုပြီး နှစ်ဖက်တွေ့ဆုံ နိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့အပြင် အဆိုပါအခမ်း အနားသို့တက်ရောက်ရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့က  နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်ကို နေပြည်တော်သို့ သွားရောက်ဖိတ ကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘‘နိုင်ငံတော်အစိုးရက ဖိတ်ခေါ်တဲ့စာရင်းမှာတော့ ပါပြီးသားပါ။ သို့သော် ဒီကျင်းပရေးကော်မတီက ဖိတ်တာ တစ်ခုပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဖိတ်ပါတယ်ဆိုတာ ထပ်ဆင့်ပြီး တော့ ဖိတ်လိုက်တဲ့သဘောပါ’’ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့်နှစ် NCA တစ်နှစ် ပြည့်အခမ်းအနားသို့ အပစ်ရပ် လက်မှတ်မထိုးရသေးသော အဖွဲ့များအား ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိပေ။ သမ္မတဟောင်း ဦးသိန်းစိန် အနေဖြင့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်၊ မတက်ရောက် ချက်ချင်း အဖြေမပေးခဲ့ ဟု ၎င်းက ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သော်လည်း ခရီးလွန်နေသဖြင့် တက်ရောက်နိုင် ခြင်းမရှိခဲ့ပေ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေပြု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းဇော်က NCA ၂ နှစ်ပြည့် အခမ်းအနားသို့ တက်၊ မတက် လတ်တလော မသိရသေးဟု ပြောသည်။

‘‘ဖိတ်ကြားလာခဲ့ရင် ကျွန်တော်တို့အဖွဲ့အတွင်းမှာ ပြန်ဆွေးနွေးရမှာပေါ့’’ဟု ၎င်းကဆိုသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် NCA လက်မှတ်ထိုးနိုင်ရေးညှိနှိုင်းနေရာ တစ်နှစ်ခွဲရှိပြီဖြစ်သော်လည်း မပြေလည်သေး၍ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တိုဘာအတွင်း ကျင်းပရန် စီစဉ်ထား သည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ရခိုင် ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် နုတ်ထွက်ခွင့် တောင်းထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဖြစ်သည်။ SSPP သည် UNFC မှ နုတ်ထွက်ပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့၏ စုဖွဲ့မှုတွင်ပါဝင်ထားသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့တွင် ပါဝင်သည့် တအာင်း အဖွဲ့ (TNLA) ဒုဥက္ကဋ္ဌ တာဂျုတ် ဂျားက ‘‘ဖိတ်ကြားတာကတော့ ဒါသဘောထားကြီးပြတဲ့အနေနဲ့ ဒါကိုတော့ ကြိုဆိုပါတယ်။ သွားမယ်၊ မသွားဘူးဆိုတာ ကတော့ အဖွဲ့ကနေ တိုင်ပင်ဆွေးနွေးပြီး ထွက်လာတဲ့အဖြေရလဒ်အပေါ် ဆုံးဖြတ်ရမှာကိုး’’ဟု ပြောသည်။ NCA နှစ်ပတ်လည်ပွဲကျင်းပမည့်နေ့ နီးကပ်နေပြီဖြစ်၍ ဖိတ်ကြားလာသည့်တိုင် တက်ရောက်  နိုင်မည့် အခြေအနေမရှိဟု ၎င်းက ဆိုသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ‘၀’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အ ဖွဲ့ (AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ဖြစ်ပြီး ယင်းအဖွဲ့ များသည် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသည်။

7day daily