ရခိုင်​အ​ရေးနဲ့ပတ်​သတ်​ပြီး ​ဆွေး​နွေးပွဲ​တွေ ပြုလုပ်​ခြင်းဟာ အစိုးရကို ကူညီ​နေတာဖြစ်​ကြောင်း ပြည်ခိုင်ဖြိုး ပြောခွင့်ရပုဂ္ဂိုလ်ဆို

 

ရခိုင်​အ​ရေးနဲ့ပတ်​သတ်​ပြီး ​ဆွေး​နွေးပွဲ​တွေ ပြုလုပ်​ခြင်းဟာ အစိုးရကို ကူညီ​နေတာဖြစ်​တယ်​လို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ​ပြော​ရေးဆိုခွင့်​ရပုဂ္ဂိုလ်​ ​ဒေါက်​တာနန္ဒာလှမြင့်​က သတင်း​ထောက်​​တွေကို​ပြောပါတယ်​။

ရခိုင်​ပြည်​နယ်​မှာ ဖြစ်​ပွား​နေတဲ့ ပဋိပက္ခကိစ္စ​တွေဟာ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​တစ်​​ယောက်​တည်းနဲ့ အစိုးရတစ်​ခုတည်းနဲ့​ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်​ဘဲ နိုင်​ငံသားအားလုံးမှာ တာဝန်​ရှိတာမို့ အားလုံးဝိုင်းဝန်း​ဆောင်​ရွက်​မှရ​မယ်​လို့လည်း သူကဆိုပါတယ်​။

“ကျွန်​​တော်​တို့ပါတီဟာ လွန်​ခဲ့တဲ့ ၂၀၁၀-၁၅ မှာအစိုးရတာဝန်​ကိုထမ်း​ဆောင်​ခဲ့​တော့ ဒီအခင်းအကျင်းမျိုး​တွေကို အစိုးရလက်​ထက်​မှာ ကိုင်​တွယ်​ခဲ့ဖူးတဲ့ အ​တွေ့အကြုံရှိတယ်​။ အဲဒီ​တော့ အ​တွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်​​တွေ​ရော အမျိုးသား​ရေးအတွက်​စိတ်​ပူ​နေတဲ့ ပုဂ္ဂိုလ်​​တွေအားလုံးက နိုင်​ငံ​တော်​အစိုးရကို ဒီအခင်းအကျင်း​တွေ ဘယ်​လို​ ဆောင်​ရွက်​သင့်​တယ်​၊ ဘယ်​လို​တွေလုပ်​ရင်      ​​တော့ အန္တရာယ်​ရှိတယ်​ ၊ဘယ်​လိုလုပ်​သင့်​တယ်​ဆိုတာကို အခုလို ဆွေး​နွေးပွဲ​တွေ လုပ်​ပြီး​တော့မှ ပါတီ​တွေ တိုင်​ပင်​​ဆွေး​နွေးပြီး​တော့မှ အကြံပြုချက်​​တွေ​ပေး​နေတာဟာ အစိုးရကို ကူညီ​နေတာပါပဲ” လို့ ​ဒေါက်​တာ နန္ဒာလှမြင့်​က​ ပြောပါတယ်​။

ရန်​ကုန်​မြို့ ၊ သံလွင်​လမ်းမှာရှိတဲ့ ပြည်​ခိုင်​ဖြိုးရုံးချုပ်​မှာ ဒီက​နေ့ နံနက်​ပိုင်း ကစပြီး “အမျိုးသားလုံခြုံ​ရေးကို ခြိမ်း​ခြောက်​​နေ​သော ရခိုင်​ပြည်​နယ်​အ​ရေး ” ဆိုတဲ့​ ခေါင်းစ​ဉ်​နဲ့​ဆွေး​နွေးပွဲတစ်​ခုကို ပြည်​ခိုင်​ဖြိုးပါတီက ဦးဆောင် ပြီးပြုလုပ်ခဲ့ပါတယ်​။ ရခိုင်​ပြည်​နယ်​မှ ကိစ္စရပ်​များနဲ့ပတ်​သတ်​ပြီး ပြည်​ခိုင်​ဖြိုးပါတီဟာ သိပ်​မကြာခင်​လပိုင်းကလဲ ​ဆွေး​နွေးပွဲတစ်​ခုကိုပြုလုပ်​ခဲ့ပါ​သေးတယ်​။ အဲဒီလို ​ဆွေး​နွေးပွဲ​တွေလုပ်​ပြီး အကြံပြုတိုက်​တွန်းမှု​တွေလုပ်​​နေ​ပေမယ့်​ တာဝန်​ရှိသူ​တွေအ​နေနဲ့ လိုလိုလားလားလက်​ခံ​ဆောင်​ရွက်​ခြင်း မရှိသ​လောက်​ပဲလို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသန်း​ဌေးက နံနက်​ပိုင်း မှာ ​ပြောကြားခဲ့တဲ့မိန့်​ခွန်းမှာ​ထည့်​သွင်း​ပြောပါတယ်​။

ကိုဖီအာနန်​​ကော်​မရှင်​ကို လက်​မခံသလို အာနန်​​ကော်မရှင်​က အကြံပြု ထားတဲ့ ၁၉၈၂ နိုင်​ငံသားဥပ​ဒေပြင်​ဆင်​မှုနဲ့ပတ်​သတ်​ပြီး​တော့လည်း ပြည်ခိုင်​ဖြိုးပါတီက လုံးဝငြင်းဆိုပါတယ်​။ အဲဒီဥပ​ဒေနဲ့ စီစစ်​လုပ်​​ဆောင်​သင့်​ တယ်​လို့ ရပ်​တည်​ချက်​ကို​ ပြောထားပါတယ်​။

ဖြိုးထက်​​အောင်
ခရက်ဒစ်