SSPP/SSA အနေဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းသည် တပ်တည်ရာ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အနေဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းသည် တပ်တည်ရာ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကြောင့် စုဖွဲ့မှုဆိုင်ရာ နည်းဗျူဟာပြောင်းခြင်း ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က သြဂုတ် ၂၁ ရက် တွင် ပြောကြားသည်။

NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် SSPP/SSA အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေချိန်တွင် အခြားတစ်ဖက်တွင် “၀” အဖွဲ့ ဦးဆောင်သော မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၌လည်း ပါဝင်ခဲ့သည်။ “၀” အဖွဲ့ဌာနချုပ်တွင် သြဂုတ် ၁၈ ရက်က စတင်ကျင်းပခဲ့သည့် FPNCC ပုံမှန်အစည်းအဝေးတွင် SSPP/SSA ဒုတိယဥက္ကဋ္ဌ စ၀်ခွန်စိုင်းက ၎င်းတို့ အဖွဲ့အနေဖြင့် UNFC မှ နုတ်ထွက်ခွင့်ပြုရန် UNFC ဥက္ကဋ္ဌ နိုင်ဟံသာ ထံ သြဂုတ် ၁၂ ရက်တွင် စာရေးသား ပေးပို့ထားကြောင်း FPNCC အဖွဲ့သို့ အသိပေးခဲ့ခြင်း ဖြစ်သည်။

“သူ့ရဲ့ တပ်တည်ရာ အနေအထားနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့် စုဖွဲ့မှုဆိုင်ရာ နည်းဗျူဟာကို ပြောင်းလိုက်ရတာလို့ သုံးသပ်ပါတယ်။ UNFC နဲ့ PC (ငြိမ်းချမ်းရေးကော်မရှင်) တို့ တရားဝင် ဆွေးနွေးနေတာ ခြောက်ကြိမ် ရှိသွားပြီဆိုပေမယ့် အားရစရာ နိုင်ငံရေးအဖြေ မထွက်တာလည်း ပယောဂတစ်ခုလို့ ထည့်ပြောနိုင်တာပေါ့။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေကြားမှာ အခုသွားနေတဲ့ process အပေါ် အမြင်ချင်းထပ်တူမှ ကျရဲ့လား။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံသက်သက် လုပ်နေချင်တာနဲ့ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိရှိ သွားချင်တဲ့ပုံစံဆိုပြီး နှစ်မျိုးကွဲနေရင်တော့ ငြိမ်းချမ်းရေးက အလှမ်းဝေးဦးမှာပါ”ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ထိုသို့ SSPP/SSA နုတ်ထွက်ခွင့်ပြုရန် စာတင်ပြထားမှုအပေါ် UNFC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးထံ ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် အဆိုပါကိစ္စရပ် မသိရှိသည့်အတွက် မှတ်ချက်ပြု ပြောကြားခြင်းမရှိဘဲ အခြားတာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။ NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် UNFC ၏ အဆိုပြုချက် ရှစ်ချက်အား အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ခြောက်ကြိမ်မြောက် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုကို သြဂုတ် ၁၀ ရက်မှ ၁၁ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အဆိုပြုချက် ရှစ်ချက် အနက် လေးချက်အား ပြေလည်မှု ရရှိခဲ့ကာ ကျန်လေးချက် အပါအ၀င် အချက်ရှစ်ချက်စလုံး သဘောတူညီမှု ရရှိရန် နှစ်ဖက်ခေါင်းဆောင်များအား ပြန်လည်တင်ပြကာ ထပ်မံတွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားချိန်တွင် ယခုကဲ့သို့ SSPP/SSA နုတ်ထွက်ရန် စာတင်ထားသည့်ကိစ္စရပ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ UNFC တွင် SSPP/SSA နုတ်ထွက်သွားပါက ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စုစုပေါင်း လေးဖွဲ့သာ ကျန်ရှိတော့မည် ဖြစ်သည်။

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ပါဝင်သည့် FPNCC သည် NCA စာချုပ်အား လက်ခံခြင်းမရှိဘဲ NCA နှင့် အလားတူသည့် ၎င်းတို့ ရေးဆွဲထားသော အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အား ၂၀၁၇ ခုနှစ် မေလက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ “အထူးဧည့်သည်တော်” အဖြစ် တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိခဲ့စဉ်က အစိုးရ နှင့် ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည့်အပြင် ပြင်ပသို့လည်း ဖြန့်ဝေထားသည်။

FPNCC တွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့် လက်နက်ကိုင် အဖွဲ့ (MNDAA) တို့ ပါဝင်သည်။