ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနှင့်တွေ့ဆုံခြင်း

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် လာရောက်ဆန္ဒမဲပေးသူ ၄၈၅၃၅ ဦးရှိခဲ့သည်။ ယင်းဆန္ဒမဲပေးသူများအနက်မှ မဲအရေအတွက် ၁၉၆၆၇ မဲဖြင့် အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဦးအောင်ကြည်သိန်းအား ပြည်ထောင်စု နေ့စဉ်သတင်းစာမှ ဆက်သွယ်မေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည်။

ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာနဲ့ပတ်သက်ပြီး ဆရာရဲ့ ရင်တွင်းစကားကို ဝေမျှပါဦးခင်ဗျ။
၂ဝ၁ဝ တုန်းကလည်း ပြည်သူ့လွှတ်တော်နေရာကို ကျွန်တော်တို့ပြည်ခိုင်ဖြိုးက မနိုင်ဘူး။ ၂ဝ၁၅ မှာလည်း ပြည်သူ့လွှတ်တော်နေရာအတွက် မနိုင်ဘူး။ အခု ကြားဖြတ်မှာမှ နိုင်လိုက်တော့ ကျွန်တော်တို့ကတော့ ဝမ်းသာတာပေါ့။ ကျွန်တော်တို့တစ်ဖွဲ့လုံး၊ ကျွန်တော်တို့ပါတီအကုန်လုံး တစ်ကျွန်းလုံးမှာရှိတဲ့ ပါတီဝင် တွေအကုန်လုံးကလည်း ဝမ်းသာ နေကြတာပေါ့။

 

လူမှုကွန်ရက်တွေပေါ်မှာ ဆရာအနိုင်ရရှိတာနဲ့ပတ်သက်ပြီးတော့ ပြည်သူ့အကျိုးကို တကယ်ဆောင်ရွက် ပေးနိုင်တဲ့သူကို ရွေးချယ်လိုက်တယ်လို့လည်း ပြောနေကြပါတယ်။ လူကိုကြည့်ပြီး ရွေးချယ်လိုက်တယ်ပေါ့။ ဒီအပေါ် မှာရော ဆရာကပြန်ပြီး ဘယ်လို မှတ်ချက်ပြုချင်ပါသလဲခင်ဗျ။

ကျွန်တော်တို့ဆီမှာက မဲဆန္ဒနယ် (၁)၊(၂)ဆိုပြီးရှိတာကိုး။ မဲဆန္ဒနယ်(၁) ကတော့ မွန်တွေများတယ်။ (၂)ကတော့ မွန်လူမျိုးတော့မွန်လူမျိုး၊ ဒါပေမဲ့ ဗမာစကားပြောတာများတယ်။ အဲ့ဒီတော့ ကျွန်တော်လည်း မွန်လူမျိုးဖြစ်တော့ ကျွန်တော်နိုင်တာပေါ့နော်။ အဓိက ကျွန်တော်ယှဉ်ပြိုင်ရမှာက NLD ပေါ့နော်။ NLD ကိုရော၊ မွန်ပါတီကိုရော နိုင်သွားတာပေါ့နော်။ နှစ်ခုစလုံးနိုင်သွားတာပေါ့။

 

ဆရာတို့ဆီမှာဆိုရင် မဲပေးခွင့်ရှိတဲ့လူဦးရေက ဘယ်လောက်ရှိသလဲဗျ။ ပြီးတော့ ဆရာကို ထောက်ခံခဲ့တဲ့ သူကရော လူဦးရေ ဘယ်လောက်လောက် ရှိသလဲခင်ဗျ။

အကြမ်းလေးပေါ့နော်။ ဆန္ဒမဲပေး ပိုင်ခွင့်ရှိတဲ့ ဦးရေကတော့ ၁၂ဝဝဝဝ ရှိ တာပေါ့နော်။ ခါတိုင်းဆို ၅၂ဝဝဝ၊ ၅၃ဝဝဝ လောက်ရှိတယ်။ အခုကတော့ ၄ဝဝဝဝ ကျော်ကျော်လေးပဲရှိတယ်။ အဲ့ဒီ ၄ဝဝဝဝ ကျော် ကျော်ထဲကမှ ကျွန်တော်က ၁၉ဝဝဝ ကျော်ကျော်ရတာပေါ့။

 

ဆရာ့ကို မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူကိုရော ဘာများပြန်လည်ပြော ကြားလိုပါသလဲခင်ဗျ။

ကျွန်တော့်ကို ဒီလို ယုံယုံကြည် ကြည် မဲထည့်ပေးတဲ့အတွက် ပထမ အချက်ကတော့ ကျေးဇူးတင်တာပေါ့။ ဒုတိယအချက်ကတော့ ကျွန်တော် သူတို့ကိုသွားပြီးတော့ စည်းရုံးရေးဆင်းချိန်တုန်းက သူတို့ ကျွန်တော့်ကို မေးထားတဲ့ မေးခွန်းတွေရှိတယ်။ ကျွန်တော် ဘာဆောင်ရွက်ပေးမယ် ဆိုတာတွေကိုလည်း ကျွန်တော် အကောင်အထည်ဖော်ဆောင် ရွက်ပေးမှာပေါ့လို့ ပြောချင်ပါတယ်။

 

ပြည်သူတွေက ဘာတွေမေးခဲ့သလဲခင်ဗျ။ ဆရာကရောဘာတွေ ဆောင်ရွက်ပေးသွားဖို့ ရှိသလဲခင်ဗျ။

အချို့ဒေသတွေကျတော့ ရေအခက်အခဲတွေရှိတယ်။ အဝီစိတွင်းတူးပေးပါလို့ ပြောတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော်ကတော့ မဲရွေးပြီးမှပြောကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ မဲအရောင်း အဝယ်ဖြစ် မှာစိုးလို့။ အဲ့အချိန်တုန်းကတော့ ကျွန်တော် မပြောခဲ့ဘူးပေါ့ဗျာ။ အဲ့ဒီလို မပြောခဲ့ပေမဲ့လည်း အခုကျွန်တော် အဲ့ဒီ ကျေးရွာတွေကို လုပ်ပေးပါ့မယ်ဆိုပြီးတော့ လိုက်ပြောတာပေါ့။ အဝီစိ တွင်း တူးပေးဖို့အတွက်။ အချို့နေရာတွေကျတော့ ကျွန်တော်လှူမှာပေါ့။ နောက်တစ်ခုကတော့ အချို့နေရာတွေကျတော့ လယ် သမားတွေအတွက်ကို ကူညီဆောင်ရွက် ပေးမယ်လို့ ပြောထား တာတွေရှိတယ်။ မျိုးစပါးတွေနဲ့ ပတ်သက်ပြီး တော့လည်း အချို့နေရာကို ကျွန်တော်ပေးဖို့ရှိပါတယ်။ မျိုးကောင်း၊ မျိုးသန့် အစီအစဉ်ကိုလည်း အခု ကျွန်တော်လိုက်လုပ်နေတယ်။ အဓိကကတော့ လယ်သမားတွေ အခွင့်အရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးကို ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားပါ တယ်ဗျ။

 

ပြည်သူက ရွေးချယ်ပေးလိုက်ပြီဆိုတော့ ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ထဲကို ရောက်တော့ မယ်။ လက်ရှိ လွှတ်တော်အခြေအနေကိုလည်း ဆရာတို့ အားလုံးသိနေပါတယ်။ ဆရာ့ အနေနဲ့ရော လွှတ်တော်ထဲရောက်ရင် ဘာတွေများ အင်တိုက်အားတိုက် ဆောင်ရွက်သွားဖို့ရှိပါသလဲ ခင်ဗျ။

အဲ့ဒါတော့ အခြေအနေအရပ်ရပ်ကို လေ့လာရဦးမှာလေ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ ကျွန်တော်တို့ ကိုယ့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် တောင်းခံဖို့အတွက်ကတော့ စဉ်းစားထားတယ်။ နောက် ဥပဒေပြုရေးကိစ္စ ပိုင်းကျတော့ လေ့လာပြီး ဆောင်ရွက်သွားပါမယ်။

 

ဆရာအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ ခင်ဗျ။

ကျွန်တော့်ကို ထောက်ခံပေးတဲ့ ပြည်သူလူထုတွေအားလုံးကို ကျေးဇူး တင်ပါတယ်လို့။ ကတိပေးထားတဲ့ ကိစ္စတွေကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားပါမယ်လို့ ပြောချင်ပါတယ်။

နေထက်ဝေ