ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက်မဲဆွယ်စည်းရုံး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကျိုက်ထော်(မြောက်)စံပြကျေးရွာ ကျေးရွာပါတီ ခေါင်းဆောင် ဦးဌေးအောင်၏နေအိမ်တွင် မတ် ၂၃ ရက် နံနက်ပိုင်းက မဲဆွယ်စည်းရုံးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဒေါက်တာနန္ဒာလှမြင့် က လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေတွေ သုံးသပ်နိုင် ပြီး မှန်ကန်သောရွေးချယ်မှုကို ရွေးချယ်ဆုံးဖြတ် မဲပေးရန် ပြည်ခိုင်ဖြိုးပါတီသည် မူဝါဒကိုအခြေခံ သောပါတီဖြစ်ကြောင်း၊ လူကိုအခြေခံသော ပါတီ မဟုတ်ကြောင်း၊ ယနေ့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်သော ပါတီဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒမှာလည်း ”ကမ္ဘာတည် သရွေ့ မြန်မာနိုင်ငံတည်ရှိနေရမည်၊ မြန်မာနိုင်ငံ တည်ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ တည်ရှိနေရမည်၊ ပြည်ခိုင်ဖြိုးပါတီ တည်ရှိနေသရွေ့ အမျိုးဘာသာ သာသနာ မပျောက်စေရ၊ မြန်မာနယ်နိမိတ် တစ် လက်မမှ အဆုံးရှုံးမခံ”ဆိုသည့် မူဝါဒနှင့်အညီ ပြည်သူများမှလည်း ဒေသသားဖြစ်သည့် ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းကို မဲပေးပါဟုပြောကြားခဲ့သည်။
ထိုဟောပြောပွဲသို့ ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးကြည်ငြိမ်း၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးအေးနိုင်၊ မြို့နယ်ကော်မတီ ဦးလှဆန်း၊ ဦးကိုကိုလွင်၊ ဒေါ်မြင့်မြင့်အေး၊ရပ်/ကျေး ပါတီဝင်များ၊ ရွာသူရွာသားများ စုစုပေါင်းအင်အား ၁ဝဝ ခန့်တက်ရောက်ပြီး နံနက် ၁ဝ နာရီ ၄၅မိနစ် တွင် ဟောပြောပွဲပြီးဆုံးခဲ့သည်။
ဆက်လက်၍ ကျေးရွာတွင်း ကိုယ်စားလှယ် မိတ်ဆက် လက်ကမ်းစာစောင်များ ဖြန့်ဝေလျက် ကော့မှူးအရှေ့ခြမ်း သမင်ခြံကျေးရွာသို့ မဲဆွယ် စည်းရုံးခရီးဆက်ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)