အီးယူမှ ဗြိတိန်မထွက်ခွာရေး လန်ဒန်မြို့၌ လူပေါင်း ၄ဝဝဝဝ ဆန္ဒပြချီတက်
လန်ဒန် ဇူလိုင် ၃
လန်ဒန်မြို့တွင် ထောင်ပေါင်းများစွာသော ပြည်သူများ ဥရောပသမဂ္ဂနှင့်တွဲရေးခွဲရေး လူထုဆန္ဒခံယူပွဲမှ ရလဒ်နှင့် ပတ်သက်၍ စုဝေးဆန္ဒပြခဲ့ကြသည်။
ယင်းကဲ့သို့ ငြိမ်းချမ်းစွာစုဝေးချီတက်ကြခြင်းသည် စနေနေ့က ပါလီမန်သို့ ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် လူလေးသန်းကျော် လက်မှတ်ထိုးတောင်းဆို မှုအပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။
လူပေါင်း ၄ဝဝဝဝ တို့ ချီတက်ဆန္ဒပြရာ၌ ပါဝင်ခဲ့ သည်ဟု ခန့်မှန်းထားသည်။ ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့သည့် လူထု ဆန္ဒခံယူပွဲတွင် ထွက်ခွာမည့်ဘက်မှ မဲအသာဖြင့် အနိုင်ရရှိခဲ့သော်လည်း ဥရောပသမဂ္ဂမှ ခွဲထွက်လိုခြင်း မရှိသည့်လူများက အလံများဝှေ့ယမ်းကာ ချီတက်ခဲ့ကြသည်။
အဆိုပါ လူအုပ်ကြီးသည် လန်ဒန်မြို့လယ်ရှိ လိန်းပန်းခြံ မှ စတင်ဖြန့်ကြက်ကာ သုံးကီလိုမီတာ အကွာအထိ ချီတက်ခဲ့ပြီး ဗြိတိန်ပါလီမန်ရုံးစိုက်ရာ အဆောက်အအုံ ရင်ပြင်အနီးထိ ရောက်ရှိလာခဲ့သည်။ လန်ဒန်မြို့ ချီတက်ပွဲမှ စီစဉ်သူတစ်ဦးဖြစ်သူ ကီရန်မက်ခ်ဒါမော့က ယခုဆန္ဒပြ ချီတက်နေကြသူများသည် အီးယူမှ နုတ်ထွက်ရေး ဗြိတိန် အစိုးရ၏ လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဆန္ဒရှိသည်ဟု ပြောခဲ့သည်။ လူထုဆန္ဒခံယူပွဲတွင် ၆ဝ ရာခိုင်နှုန်းသော လန်ဒန်မြို့သားများမှာ ခွဲထွက်လိုခြင်း မရှိသည့်ဘက်မှ မဲပေးခဲ့ကြသည်။
စကော့တလန်နှင့် အိုင်ယာ လန်မြောက်ပိုင်းတို့ကလည်း ဆက်လက်တည်ရှိရေးဘက်မှ မဲပေးခဲ့ကြသည်။ အာဖရိကမှ ဒုက္ခသည်များအတွက် ပေါင်ငွေသန်းပေါင်း များစွာ အကူအညီပေးခဲ့သည့် ရော့ခ်ဂီတအကျော်အမော် တစ်ဦးဖြစ်သူ ဘော့ဂယ်ဒေါ့ဖ်က လူအများအနေဖြင့် ဗြိတိန် အီးယူမှထွက်ခွာမှုရပ်တန့်ရန် လမ်းမပေါ်သို့ ထွက်၍ ဆန္ဒပြ သင့်ကြောင်း၊ အိမ်နီးချင်းများကိုလည်း ခေါ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်ဟု သိရသည်။
(ဆင်ဟွာ)