အီလက်ထရွန်နစ်ထီကို ပြည်တွင်းတွင် အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်မည်
နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အီလက်ထ ရွန်နစ်ထီလုပ်ငန်းကို ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ အီလက်ထရွန်နစ်ထီလုပ်ငန်းအား ပြည်တွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရ အောင်ဘာလေထီ ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပြီး ယင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ပြည်တွင်းပြည်ပကုမ္ပဏီများအား အီလက်ထရွန်နစ်ထီလုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ” အီလက်ထရွန်နစ် ထီလုပ်ငန်းဆိုတာ နည်းပညာသုံးပြီး ထိုးတဲ့ထီကို ပြောတာပါ။ E -Lottery စနစ်ကို အစိုးရ အောင်ဘာလေထီဥပဒေ ပြဋ္ဌာန်းပြီးရင် နိုင်ငံတကာကကုမ္ပဏီတွေ၊ ပြည်တွင်းပြည်ပကုမ္ပဏီတွေ ကို တင်ဒါ ခေါ်ပြီး ဆောင်ရွက်သွား မယ်။ နိုင်ငံတော် အကျိုးအမြတ်များမယ့်အပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဇွန် (၁၉) ရက်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။
အီလက်ထရွန်နစ်ထီလုပ်ငန်းဆိုသည်မှာ အီလက်ထရွန်နစ်အချက်အလက် အပြန်အလှန်ပို့ဆောင်သည့် အီးဒီအိုင် စနစ် (Electronic Data Interchange) ၊ အီးမေးလ်၊ အက်စ် အမ်အက်စ်စနစ် (Short Message System) ၊ တယ်လီကော်ပီ (Tele – copy) တို့ပါဝင်ပြီး အလားတူ အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖြစ်စေ အသုံးပြု၍ ထီလက်မှတ် ရောင်းချခြင်းလုပ်ငန်းကို ဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အောင် ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိ သူတစ်ဦးက ” ကမ္ဘာမှာ ဘယ်နိုင်ငံမှ လုံးဝမရှိတဲ့ ထီလက်မှတ်ရောင်းချတဲ့ ထီဆိုင်ကြီးတွေ ဖွင့်လှစ်ရောင်းချတာ မြန်မာတစ်နိုင်ငံပဲရှိမယ်လို့ယူ ဆပါတယ်။
E -Lottery က လက်ရှိမှာ ဥပဒေ မထွက်လာသေးတဲ့အတွက် အကောင်အထည်ဖော်ဖို့ ခက်နေတာပါ။ ဘတ်ဂျက် လည်းမရှိသေးဘူး။ ဥပဒေက အတည်ပြုမှသာ ဘတ်ဂျက်တင်တောင်းပြီး ဆောင ရွက်လို့ရ မှာ” ဟုပြောသည်။