မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီကေဒါများ ပြန်လည်ဖွဲ့စည်းရေး ကြီးကြပ်ရေးအဖွဲ့ မြို့နယ်အမာခံပါတီကေဒါများနှင့် တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေး ခန်းမတွင် မေ (၁၄) ရက်က ဟသာင်္တခရိုင် အမာခံပါတီဝင်များ ပြန်လည်ဖွဲ့စည်းရေး ကြီးကြပ်ရေး အဖွဲ့ဝင်များသည် မြန်အောင်မြို့နယ်ရှိ မြို့နယ်အဆင့် အမာခံပါတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နိုင်ရေးကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြန်အောင်မြို့နယ်ပါတီအတွင်းရေးမှူးက မြန်အောင်မြို့နယ်အတွင်း လက်ရှိဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် အမာခံ ပါတီကေဒါ များက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ထို့နောက် ဗဟိုပါတီကော်မတီဝင် ဒေါက်တာဌေးဝင်းက အဖွင့်အမှာစကားနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ဗဟိုမှညွှန်ကြားချက်များကို အကျယ်တဝင့် ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်စိုးက လက်ရှိလုပ်ဆောင်ထားသော မြန်အောင်မြို့နယ်၏ အမာခံပါတီကေဒါ ဖွဲ့စည်းရေးသည် ကောင်းမွန်ကြောင်း၊ ဟင်္သာတခရိုင်အတွင်း အခြားမြို့နယ်များသို့လည်း မြန်အောင် မြို့နယ်၏ လုပ်ဆောင်ချက်များကို နမူနာယူနိုင်အောင် ချပြဆွေးနွေးသွား မည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ဟင်္သာတခရိုင် ပါတီကော်မတီဝင် ဒေါက်တာသန်းထွဋ်က မြန်အောင်မြို့နယ်တွင် အနီးကပ်နေပြီး အမာခံပါတီဝင်များ ပြန်လည်ဖွဲ့စည်းရေး ဆောင်ရွက် နေမှုကို ကြီးကြပ်ဆောင်ရွက်ထားကြောင်း၊ ၎င်းအနေဖြင့် မြန်အောင်မြို့နယ်အတွက် အားရကျေနပ်မှုရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအတွက် အားကြိုးမာန်တက် ဆောင်ရွက်ကြမည့်သူများဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားသည်။
မြန်အောင်မြို့နယ်သည် မြို့နယ်အဆင့် အမာခံပါတီကေဒါများ ဖွဲ့စည်းရာတွင် မြို့နယ်အဆင့်တာဝန်ယူ နိုင်မည့်သူ ၃ဝကို လက်ရှိ တာဝန်ထမ်းဆောင်နေကြသော မြို့နယ်ပါတီကော်မတီဝင်များက တိုက်နယ် အလိုက်သုံးသပ်ကာ တိုက်နယ်ခုနစ်ခုလုံးပါအောင် ဆောင်ရွက်ထားကြောင်း၊ မြို့နယ်အဆင့်တွင် တိုက်နယ်များအားလုံး ပါဝင်ထားမှ ပါတီလုပ်ငန်းဆောင်ရွက်မှုများအား အချိုးညီစွာလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ယခုရွေးချယ်ထားသော ၃ဝ အပြင် နောက်ထပ်မျိုးဆက်သစ်လူငယ်အင်အား (၁၅) ဦး ကိုလည်း အရန်အဖြစ်ရွေးချယ်ထားကြောင်း၊ ပါတီတွင် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ထားကြောင်း၊ အသက်ကြီးရင့်သူများကိုလည်း ပါတီတွင် ဆက် လက်တာဝန်ထမ်းဆောင်နိုင်ရန် အကြံပေးများအဖြစ် ဆက်လက်တာဝန်ပေးထားခြင်းကိုလည်း ဆောင် ရွက်ထားကြောင်း၊ မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွင် အသက်အရွယ်အပိုင်းအခြားအစုံ တာဝန် ယူထားပြီး ပါတီလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပါတီကော်မတီဝင် အစည်းအဝေးမှတ်တမ်းဖြင့် ကြီးကြပ်ရေးအဖွဲ့အား တင်ပြခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါက်တာသန်းထွဋ်နှင့် မြို့နယ်ပါတီကော်မတီဝင် များသည် ကနောင်တိုက်နယ်သို့ သွားရောက်ကာ ကနောင်တိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအမာခံ ပါတီကေဒါများနှင့်တွေ့ဆုံပြီး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ပါတီ၏ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြပြီး ၎င်းတို့၏တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေဝင်းဇော်(မြန်အောင်)