အိမ်ကွင်းအားကိုးဖြင့် ဗီလာရီးရဲလ်ကို ကျော်ဖြတ်ရန် လီဗာပူးမျှော်လင့်

epa05281844 Villarreal CF's Congolese striker Cedric Bakambu (R) fights for the ball with Brazilian midfielder Lucas Leiva (L) of Liverpool during the UEFA Europa League semi final, first leg soccer match between Liverpool and Villarreal CF played at El Madrigal stadium in Villarreal, eastern Spain, 28 April 2016.  EPA/JUAN CARLOS CARDENAS

လီဗာပူးသည် ယနေ့ညတွင် အန်းဖီးလ်ကွင်း၌ ကစားမည့် ဗီလာရီးရဲလ်နှင့် ယူရိုပါလိဂ် ဒုအကျော့တွင် အိမ်ကွင်း အားသာချက် အားကိုးမည်ဖြစ်သည်။ ပထမအကျော့က ဗီလာရီးရဲလ်ကွင်းတွင် စည်းကမ်းအပြည့် ကစားခဲ့သော လီဗာပူးသည် ပွဲ ပြီးခါနီး၌ အက်ဒနီယန်လိုပဇ်စ်၏ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယခုပွဲသည် လီဗာပူး၏(၁၇) ကြိမ်မြောက် ဥရောပပြိုင်ပွဲအကြို ဗိုလ်လုပွဲဖြစ်ပြီး ဒုတိယအကျော့ကို အိမ်ကွင်းတွင် ကစားရခြင်းသည် ကိုးကြိမ်မြောက်ဖြစ်သည်။ ယင်းတွင် ရှစ်ပွဲကို လီဗာပူးက အနိုင်ရရှိထားသည်။ အိမ်ကွင်းတွင်ဖြစ်စေ၊ အဝေးကွင်းတွင်ဖြစ်စေ လီဗာပူးသည် ဥရောပပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့်၌ သုံးကြိမ်သာ ရှုံးနိမ့်ခဲ့သည်။

ဥရောပပြိုင်ပွဲတစ်ခု၏ အကြိုဗိုလ်လုပွဲ အဆင့်တွင် စပိန် ပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ခြင်း မရှိသော လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ‘‘ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ အောက်တိုဘာကစပြီး ကျွန်တော်တို့ လုပ်ခဲ့သမျှက ဒီနေ့လို ပွဲမျိုးအတွက် ပြင်ဆင်ခဲ့တာပါ။ ဗိုလ်လုပွဲ ကျိန်းသေ ရောက်မယ်လို့ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့လည်း ရေကုန်ရေခန်း ကစားဖို့ မျှော်လင့်ပြီး အဲဒီကနေ ဘယ်ရောက်မလဲ ကြည့်ရပါမယ်’’ ဟု ဂျာဂန်ကလော့ပ်က ပြောသည်။

‘‘ဒါဟာ လီဗာပူးကမ္ဘာတစ်ခုလုံးအတွက် အရေးကြီးတဲ့ အခိုက်အတန့်ပါ။ လူတိုင်းပါဝင်ပတ် သက်ပါလိမ့်မယ်။ ဖိအားတော့ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ အားလုံးအတွက် လုပ်နိုင်တာ အားလုံး  လုပ်သွားပါမယ်’’ ဟု ကလော့ပ်က သတင်းစာ ရှင်းလင်း ပွဲအပြီးတွင် ပြောသည်။

ပရီးမီးယားလိဂ် သရဖူဆောင်းသွားသော လက်စတာအသင်းကိုလည်း ကလော့ပ်က လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့သည်။ အခြားယူရိုပါလိဂ် အကြို ဗိုလ်လုပွဲဖြစ်သော ဆီဗီလာနှင့် ရှက်တာဒိုးနက်စ်တို့ပွဲ၌ အဝေးကွင်းတွင် နှစ်ဂိုးစီသရေကျထား သည့် ဆီဗီလာက အသာစီးရနေသည်။

ဆီဗီလာသည် ယခင်မရှိခဲ့သော ယူရိုပါလိဂ်သုံးကြိမ်ဆက်တိုက်  ချန်ပီယံဖြစ်ရန်  ကြိုးစားနေပြီး ယူရိုပါလိဂ်နောက်ဆုံး အိမ်ကွင်း (၁၂)ကြိမ်တွင် (၁၁)ကြိမ် အနိုင်ရရှိထားသည်။   -Ref;Goal


Leave a Reply